Welcome To Karenni Refugee Camps!!!

Friday, June 27, 2014

သံယံဇာတလုနေတာ ဒုက္ခသည်တွေ အိမ်မပြန်ရဲအောင် လုပ်နေတာလား

တသွင်သွင်စီးဆင်းနေတဲ့ သံလွင်မြစ်ရဲ့ အရှေ့တစ်ဖက်ကမ်းမှာ တစ်ချိန်တုန်းက စိမ်းစို ထူထပ်တဲ့ သဘာဝပေါက်ပင်တွေ၊ သဘာဝတောကောင်တွေ၊ ကျေးငှက်သွန်သံတွေနဲ့ သာယာလှပခဲ့ဖူးပါတယ်။
အပစ်ခတ်ရပ်စဲရေးတွေခိုင်မာလို့စစ်မှန်တဲ့ငြိမ်းချမ်းရေးတွေဖော်ဆောင်နိုင်တဲ့တနေ့မှာ တိုင်းတပါးရောက်နေကြတဲ့ ကရင်နီစစ်ပြေးဒုက္ခသည်တွေ သူတို့တချိန်က အသက်ရှင်သန်ရေးအတွက် အားကိုးအားထားပြုခဲ့တဲ့ သဘာဝတောတောင်တွေကို ပြန်လှည်မှီခိုအားထားဖို့ မျော်လင့်ထားကြပါတယ်။

ဒါပေမဲ့အခြေအနေက သူတို့မျော်လင့်ထားတဲ့အတိုင်း မဖြစ်နိုင်ပါဘူး။ အစိုးရနဲ့ကရင်နီအမျိုးသားတိုးတက်ရေးပါတီ -KNPP အကြား ၂၀၁၂ခုနှစ်က အပစ်ခတ်ရပ်စဲရေးလက်မှတ်ရေးထိုးထားခဲ့ပြီး အခု သုံးနှစ်အတွင်းမှာ ကရင်နီပြည်သံလွင်အရှေ့ဘက်ခြမ်းက သစ်တောတွေပြောင်စလင်းဖြစ် ကုန်ပါပြီ။
ဒုက္ခသည်တွေ နေရပ်ရင်းမှာလုံလုံခြံခြုံနဲ့ ပြန်လှည်အခြေချနေထိုင်ဖို့ အစိုးရနဲ့ KNPP အကြား အပစ်ခတ်ရပ်စဲရေး သဘောတူညီချက် ဘယ်လောက်ထိ အာမခံချက်ရှိမလဲဆိုတာကို ဘယ်သူမှ အတတ်မပြောနိုင်သေးချိန်အတော အတွင်းမှာ ပြန်ဖို့စိုးရိမ်ပူပန်မှု ထပ်ဖြစ်စေတဲ့အချက်တခုက ပြည်တွင်း သံယံဇာတတွေကို အလုအယှက်ထုတ်ယူရောင်းစားနေတဲ့ကိစ္စကပါပဲ။
အပစ်ခတ်ရပ်စဲရေးသဘောတူလက်မှတ်ရေးထိုးထားတဲ့ ကာလအတွင်း ကရင်နီပြည်ရဲ့ သံလွင်အရှေ့ဘက်ခြမ်း မိမိတို့ရဲ့ ဌာနေဟောင်းဖြစ်တဲ့ တောတောင်မြေယာတွေကို ပြန်လှည်လေ့လာကြည့်ရှု့ပြီးနောက် ဒုက္ခသည်တွေက ယခုလိုထုတ်ဖေါ်ပြောဆိုလာတာပဲဖြစ်ပါတယ်။
ဒုက္ခသည် ၁၅၀၀၀ ၀န်းကျင်နေထိုင်တဲ့ ကရင်နီအမှတ်-၁ဒုက္ခသည်စခန်းမှ မိမိဌာနေဟောင်းဖြစ်တဲ့ သံလွင်ရှေ့ဘက်ခြမ်း ဆိုတရှားဒေသမှာ ပြန်နေထိုင်ရတော့မည့်အခွင့်အလမ်းတွေ ပေးလာတော့မလားဆိုတာကို စိတ်လှုပ်ရှားစွာ မျော်လင့်နေတဲ့ ခူးအီရယ်ကယခုလိုပြောပါတယ်။
“ကျနော့်အနေနဲ့ဆိုရင် သစ်အသစ်တွေကို တစ်ချောင်းမှပေးမ လုပ်စေချင်တော့ဘူး။ ဒါပေမယ့် အဟောင်းပဲယူမယ် ဆိုပြီးတော့ အသစ်ပါယူတာလည်း အများကြီးရှိတယ်။ အသစ်ယူပြီးသွားတဲ့ဟာတွေဆို ထားလိုက်ပါတော့ ယူပြီးပြီပဲ။ အသက်ရှင် ရပ်နေသေးတဲ့ အပင်တွေကို ခုတ်ခွင့်မရှိတော့ဘူးလို့ ကျနော်တို့ ပြောထားပါတယ်။ ထပ်ခုတ်မယ်ဆိုရင် ကုန်ရုံပဲ ရှိမှာပေါ့။ ကျနော်တို့လည်း ပြန်တွေ့တော့မှာ မဟုတ်ဘူး။ ကျနော်တို့ ကိုယ့်ရပ်ကိုယ့်ရပ်ပြန်နေဖို့ဆိုတာက ဒီသစ်ဝါးတွေကို အားကိုးပြီတော့ ပြန်နေချင်တာပေါ့။ သစ်ဝါးတွေမရှိရင် ကျနော်တို့လည်း စိတ်ပျက်မှာပဲ။ ကျနော်တို့လည်း ပျော်နိုင်မှာမဟုတ်တော့ဘူး” လို့ပြောပါတာ်။
၁၉၉၅ခုနှစ် KNPPအပစ်အခတ်ရပ်စဲရေးပြုလုပ်ချိန် သုံးလအတောအတွင်း သံလွင်အရှေ့ခြမ်း ရွာပေါင်း ရာချီရှိခဲ့တဲ့ ဆိုတရှားဒေမှာ သစ်တောပြုန်းတီးမှုတွေရှိခဲ့တဲ့အတွေ့အကြုံတွေ ရှိထားတာကြောင့် ယခုတခေါက် သစ်တွေထပ်မခုတ်ဖို့ ဒေသခံတွေက KNPP ကိုတင်ပြထောင်းဆိုထားသလို မိမိတို့ကိုယ်တိုင်လည်း ကန့်ကွက်ဆိုင်းပုဒ်တွေပြုလုပ်ထားပါတယ်။
ကန့်ကွက်တဲ့ကြားက သံလွင်အရှေ့ခြမ်းမှာ ၁၉၉၅ ကခုတ်လှဲထားတဲ့သစ်တွေပြန်ယူမယ် ဆိုတဲ့အကြောင်းပြချက်နဲ့ ကုမ္မဏီတွေရော တသီးပုဂ္ဂလတွေပါ ၀င်ရောက် လုပ်ကိုင်လာတဲ့အတွက် သစ်တောပြုန်းတီးမှုတွေယခုလိုပြန်လှည်ဖြစ်ပေါ်နေရခြင်းဖြစ်ပါတယ်။
“ပြန်မယ်ဆိုရင် အသက်မွေးဖို့ သစ်မရှိတော့ဘူး။ ကုန်ပါပြီ။ အဲဒီမှာ ဆိုတရှားတောင်ပတ်ဝန်းကျင်မှာ နည်းနည်းရှိတော့တယ်။ အဲဒီမှာပဲ ကျန်တော့တာ တခြားနေရာလည်း မရှိနိုင်တော့ပါဘူး”လို့ သံလွင်အရှေ့ဖက်ကမ်း သစ်ဝါးကန့်ကွက်ရေးကော်မတီ ဥက္ကဌ ခူးဟဲရယ်ကပြောပါတယ်။
ကန့်ကွက်မှုတွေလျစ်လျှူရှုခြင်းခံရမှုအဓိကအချက်က နယ်ခြားစောင့်တပ်အဖြစ် အသွင်ကူးပြောင်းထားတဲ့ ကရင်နီလူမျိုးပေါင်းစုံပြည်သူ့ လွတ်မြောက်ရေးတပ်ဦး-KNPLF နဲ့ KNPPစတဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေ ကိုယ်တိုင်ဝင်ရောက် လုပ်ကိုင်နေခြင်းကြောင့်ဖြစ်တယ်လို့ သိရပါတယ်။
အဖွဲ့အစည်းရဲ့ရန်ပုံငွေရရှိဖို့ရည်ရွယ်ပြီး KNPPကိုယ်၌ တရားဝင်ကုမ္မဏီ ထူတောင်ပြီး သစ်တွေ ခုတ်ရောင်းတဲ့အတွက် ပြည်တွင်းရှိလူထုဖို့ စံနမူနာကောင်းတွေမဖြစ်ပဲ အကျင့်ပျက်မှုတွေအတွက် တွန်းအားပေးသလိုဖြစ်နေတယ်လို့ သစ်ထုတ်လုပ်မှုကို သဘောမတူတဲ့ KNPPခေါင်းဆောင်အချို့ရဲ့ပြောပြချက်အရ သိရပါတယ်။
“ခင်ဗျားတခါတလေမှ ဝင်လာတော့ ဘာတွေလုပ်ကူနိုင်မလဲ ဘယ်သူ့မှ ဘယ်ရွာမှ ပြောတာမကြားဘူး။ သစ်ပေးခုတ်၊ ခဲပေးတူး၊ ပိုက်ဆံချေး အဲဒါတွေပဲပြောတယ်။ အဲဒါကို ကျနော်က ခင်ဗျားတို့ကို ပွင့်ပွင့်လင်းလင်းပဲ ပြောတယ်။ ကျနော်တို့လူရဲ့ အမြင်က အဲလောက်ပဲရှိသေးတာ။ သူများတွေ ကားဝယ်ကုန်ပြီ ပိုက်ဆံချေးပေး ကားတစ်စီးလောက်ဝယ်ရမယ်။ ငါ့မှာ ပိုက်ဆံလိုသေးတယ်တဲ့။ သူတို့ကို ပိုက်ဆံဘယ်နားသွားယူပေးရမလဲ”လို့ KNPP ပြောခွင့်ရ ဗိုလ်ချုပ်အောင်မြတ်ကပြောပါတယ်။
မေလ ၁၆ရက်နေ့က ကုလသမ္မဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCRနဲ့ ကရင်နီဒုက္ခသည်ပင်မကော်မတီနဲ့ တွေ့ဆုံခဲ့ချိန်မှာပြန်လှည် အခြေချနေထိုင်ရေးအစီအစဉ်နဲ့ပါတ်သက်ပြီး နိုင်ငံတကာသတ်မှတ်စံနှုန်းအကြောင်းဆွေးနွေးခဲ့ပါတယ်။
ဒါပေမဲ့ ဒုက္ခသည်တွေပြန်လှည်အခြေချမည့်နေရာတွေမှာ အသက်မွေး ၀မ်းကြောင်းအတွက် မှီခိုအားထားလို့ရတဲ့ နေရာဒေသရဲ့အရင်းအမြစ်ကိစ္စတွေတော့ ဆွေးနွေးပြောဆိုတာတွေ မကြားသိရသေးပါဘူး။
“ဒီအဓိကပြောတဲ့ အချက်သုံးချက်ပေါ့နော်။ ဥပမာ။ Volunteer Repatriation (ဆန္ဒအရပြန်လှည် အခြေချနေထိုင်ခြင်း) နောက်ပြီးတော့ Safety (လုံခြုံစိတ်ချမှု) ရှိရမယ်။ ပြီးတော့ dignity (လူ့သိက္ခာနှင့်အညီ) ရှိရမယ်။ ဒီသုံးချက်ပေါ်မှာပေါ့နော်။ ဒီသုံးချက်ကိုလည်း အတွင်းကျကျ အားလုံးလူထုတွေက နားလည်မှပဲ ပြန်လို့ရှိရင် သူတို့အတွက် ပိုပြီးတော့မှ လုံးခြုံမယ် စိတ်ချရမယ်ပေါ့နော်”လို့ ကရင်နီဒုက္ခသည် ပင်မကော်မတီ ပြောခွင့်ရနော်ထူးလွဲကပြောပါတယ်။
အထူးသဖြင့် သံလွင်အရှေ့ခြမ်းက ဒုက္ခသည်တွေ သူတို့ဌာနေဟောင်းမှာ ရေရှည်ဘ၀ ရပ်တည်နိုင်ဖို့ တောတောင်၊ ချောင်းမြောင်းနဲ့တောကောင်တွေ အခုချိန်မှာ ဖျက်ဆီးခြင်းခံနေရတဲ့အခြေအနေကို ဒုက္ခသည်တွေနဲ့ သက်ဆိုင်ဆက်စပ်နေတဲ့ သူတွေဘာမှမလုပ်မကိုင်နိုင်တဲ့အတွက် စိတ်ဓါတ်ကျသွားတဲ့သူတွေမှာ တတိယနိုင်ငံကို မသွားချင်ပဲ သွားလိုက်ရတဲ့ သူတွေလဲရှိနေတယ်လို့ သိရပါတယ်။
မိမိဌာနေဟောင်းကိုပြန်ချင်လိုတဲ့သူတွေဟာ သံလွင်ရှေ့ခြမ်း သစ်ဝါး ကန့်ကွက်ရေးကော်မတီမှာ တက်တက်ကြွကြွပါဝင်ခဲ့ကြပေမဲ့ တတိယနိုင်ငံကိုတရွှေ့ရွှေ့ထွက်ခွာသွားလိုက်ကြတဲ့အတွက် အခုဆိုအဖွဲ့အင်အားနည်းလာပါပြီ။ ကော်မတီဝင်ထဲ အမာခံအဖြစ် ကျန်ရှိနေသေးတဲ့ ခူးအီရယ်ကတော့ နောက်ဆုံးအခြေအနေနဲ့ပါတ်သက်ပြီး ယခုလိုပြောသွားပါတယ်။
“…ပြန်နေရမယ် ရှေ့ဆက်သွားစရာလည်းမရှိတော့ဘူး ဆိုရင်…ပြန်နေရမှာပဲ။ ပြန်နေမယ်ဆိုရင်ကျန်နေသေးတဲ့ သစ်ဝါးတွေကို ပြန်ပြီး လုယူကြရမှာပဲ”

No comments:

About This Blog

This is a non-profit website with the fully purpose to reveal and show world wide about the life of recent karenni refugee camps situation. New information about refugees are going to be posted and updated. What you can do? You can ask what you want to know about karenni refugee camp, you can comment and send news to us. The new you send must related to Karenni refugee camp.